International News

စင်ကာပူတွင် COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် Circuit Breaker ကာလကို ထပ်မံတိုးမြှင့်၊ လုပ်ငန်းများ၏ လုပ်ခလစာစရိတ်အပေါ် အစိုးရက ဆက်လက်ထောက်ပံ့ပေးမည်

Last Updated:

ပြည်တွင်း၌ COVID - 19 ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိသည့်အခြေအနေကို ထိန်းချုပ်နိုင်ရန် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုလုပ်ငန်းများမှလွှဲ၍ အခြား လုပ်ငန်းခွင်များ အားလုံးသည် ၇-၄-၂၀၂၀ ရက်နေ့မှ ၄-၅-၂၀၂၀ ရက်နေ့အထိ ရက် သတ္တပတ် (၄) ပတ် ရပ်နားသွားရမည့် Circuit Breaker အစီအစဉ်ကို ဆောင် ရွက်ခဲ့ပါသည်။ သို့ရာတွင် ဤကာလအတွင်းမှာပင် နိုင်ငံခြားလုပ်သားများနေထိုင်ရာအဆောင်များတွင် ရောဂါကူးစက်မှုအခြေအနေ မြင့်တက်လျက်ရှိခြင်းနှင့် အများ ပြည်သူအကြားတွင်လည်း ရောဂါကူးစက်မှုနှင့်ပတ်သက်၍ ခြေရာခံ၍မရနိုင်သော ရောဂါကူးစက်ခံရသည့် လူနာအရေအတွက်မှာလည်း ကျဆင်းသွားခြင်းမရှိသည့် အခြေအနေတို့ကြောင့် လက်ရှိ Circuit Breaker ကာလကို ၁−၆−၂၀၂၀ ရက်နေ့အထိ နောက်ထပ် ရက်သတ္တပတ် (၄) ပတ် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါသည်။

ယခုကဲ့သို့ Circuit Breaker ကာလထပ်မံတိုးမြှင့်သည့်အစီအစဉ်အရ အစပိုင်းတွင် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုလုပ်ငန်းများစာရင်း၌ ပါဝင်ခဲ့သည့် ဆံပင်ညှပ်ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့သော အရေးပါမှုနည်းသည့် လုပ်ငန်းအမျိုးအစားများသည် ယခုအခါ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်နား သွားရမည် ဖြစ်ပါသည်။

ဧပြီလ ၇ ရက်နေ့တွင် စတင်ခဲ့သော Circuit Breaker ကာလကို ဇွန်လ ၁ ရက်နေ့အထိ တိုးမြှင့်လိုက်သောကြောင့် ဤကာလအတွင်း လုပ်ငန်းများ၏ လုပ်သားငှား ရမ်းမှုစရိတ် သက်သာစေရေးအတွက် ပြည်တွင်းလုပ်သား (နိုင်ငံခြားလုပ်သားများမပါဝင်) ၁.၉ သန်းကို ဧပြီလအတွင်း ၎င်းတို့ရရှိသော လုပ်ခလစာအပေါ် (စင်ကာပူဒေါ်လာ ၄၆၀၀ အထိသာ) အစိုးရမှ ၇၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးမည့်အစီအစဉ်ကို မေလအတွက်ပါ  ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ အလား တူလုပ်ငန်းများ၏ နိုင်ငံခြားလုပ်သားစရိတ် သက်သာမှုရှိစေရေးအတွက် ဧပြီလအတွင်း ပေးဆောင်ရမည့် နိုင်ငံခြားလုပ်သားများခန့်ထားမှုအပေါ် စည်းကြပ် ငွေများကို ကင်းလွတ်ခွင့်ပြုခြင်း သာမက နိုင်ငံခြားလုပ်သားများခန့်ထားမှုအပေါ်စည်းကြပ်ငွေကို လျှော့ပေါ့မှုအနေဖြင့် လုပ်ငန်းများတွင် ခန့်ထားသည့် နိုင်ငံခြား လုပ်သားတစ်ဦးလျှင် စင်ကာပူဒေါ်လာ ၇၅၀ နှုန်းဖြင့် အလုပ်ရှင်များသို့ ပြန်လည်ထောက်ပံ့ပေးမည့် အစီအစဉ်များကိုလည်း မေလအတွက်ပါ ဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade and Industry ,The Straits Time

Category: International News